Pages

Wednesday, March 27, 2013

တေလေ (၄)

ကျွန်တော်က တိမ်စိုင်တစ်စပါ မေမေ
လေပြေညင်းလာတဲ့အခါ အသာအယာရွှေ့
လေပြင်းမွှေ့တဲ့အခါ ခပ်သုတ်သုတ်မျောပါ
ဘဝမှာ သာသာယာယာ/ကဗျာကယာ....။

ကိုယ့်နာမည်ကိုစာလုံးပေါင်းတတ်ကတည်းက
အပြုံးတုတစ်ခုကိုဆင်မြန်း
နှလုံးသွေးခမ်းအောင်ငိုခဲ့ဖူးတယ်....။

ကျွန်တော်ဟာ လူလိမ်ပါ....
စိတ်တွေအပိုင်းပိုင်းသေနေတာတောင်မှ
ပျော်ရွှင်ခြင်းတွေသာရရှိနေသယောင်
ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့ဖူးတယ်....
ဟန်ဆောင်ခြင်းဆိုတာ ကျွန်တော်ကျွမ်းကျင်ရာ အတတ်ပညာတစ်ခုပါမေမေ...။

ဟုတ်တယ်......
သူတို့ပြောသလို... ကျွန်တော်က အရိုင်းအစိုင်းတစ်ကောင်...
ခွေးလေခွေးလွင့်တစ်ကောင်လို ခြံဝကမောင်းထုတ်ခံခဲ့ရတာတောင်မှ
ဟော့ဒီရင်ဘတ်က သွေးသားစိတ်မွေးနေတုန်း
ကန်တော့ပန်းဆင်ဦးထိပ်တင်ဖို့ တွေးမိနေတုန်း....။

လောကဓံမုန်တိုင်း လှိုင်းကြမ်းပင်လယ်ထဲမှာ
ရွက်မပါ တက်ဗလာနဲ့ ကိုယ့်ကိုယ်ကိုပြန်မျှောခဲ့တဲ့ ကောင်ပါ....
ရေနစ်သေချင်တာတောင်မှ ဝါးကူထိုးပေးမယ့်သူ တစ်ယောက်တစ်လေတောင်မရှိခဲ့ဘူး..။

မငိုပါဘူး....
ကျွန်တော် မငိုပါဘူးမေမေ....
ဖေဖေ့ရဲ့သွေးနဲ့ မေမေမွေးထုတ်ပေးခဲ့တဲ့ ကျွန်တော်
ကြယ်ရင်ပြင်အောက်မှာပျော်လို့....
ကောင်းကင်ကိုထိုးဖောက် စင်္ကြာပြင်ထိခရီးရောက်စေမယ်...

တေလေတစ်ယောက်ကလည်း
နေရောင်ခြည်ကို မော့သောက်နိုင်ပါတယ် မေမေ....။ ။

သစ္စာခ
၂၆/၃/၂၀၁၃(အင်္ဂါနေ့ )

0 comments:

Post a Comment