Pages

Sunday, December 16, 2012

ဆုံမှတ်မဲ့ ညီမျှခြင်း၏ အပေါ်အောက်မျဉ်းပြိုင်နှစ်ကြောင်း


မင်တွေစွန်းထင်းနေတဲ့ စက္ကူတရွက်ကို
အဖြူရောင်စစ်စစ်ပါလို့ ပြောလို့မှမရတာဘဲ…..
သူက စွန်းထင်းခဲ့ပြီးပြီလေ…..

နင့်ကိုယ်နင်ဘာအရောင်မှန်း ရေရေရာရာမသိဘဲနဲ့
ငါကအဖြူအမည်း သဲကွဲစေရမှာလား
သေချာတယ်………….
ဒါ……ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး…..

သုံးနဲ့လေးဖြစ်နေမှတော့
ကျောချင်းကပ် ဝေးကြတာပဲကောင်းပါတယ်……..
လေးဆယ့်သုံးဆိုတာ နင်နဲ့ငါကြားမှာ
ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်သောအရာပဲလေ……

ထားလိုက်ပါ………….
ငါဆိုတာ နင့်ဘဝမှာ ဘယ်လောက်မှ အရေးပါတာမှမဟုတ်တာပဲ
ဟန်ဆောင်ကြင်နာပြမနေစမ်းပါနဲ့………..
ရင်ထဲကမပါတဲ့စကားလုံးတွေက
ငါ့နှလုံးသားမှာခါးတယ်…….

ဝေးမယ့်ဝေးလည်း အပြီးတိုင်ပေါ့ကွယ်………..
နင်နဲ့ပတ်သက်ခဲ့သမျှအချိန်တွေတိုင်းမှာ
ငါ့အတွက်ကျန်တာဆိုလို့
ဒဏ်ရာတွေချည်းပဲမို့………….
လွမ်းစရာထက် နာစရာက ပိုများတယ်………

ဒူးထောက်ထားတဲ့သူကိုမှ ခေါင်းငုံ့ခိုင်းတဲ့အဖြစ်မျိုးက
ဆိုးကိုဆိုးလွန်းတယ်သူငယ်ချင်း……..

နင်နဲ့ငါဟာ ညီမျှခြင်းတစ်ခုပါ ဆိုရင်တောင်
အပေါ်အောက်မျဉ်းပြိုင်နှစ်ကြောင်းလို
မဆုံနိုင်ခြင်းမှာအသားကျခဲ့ပြီးမှတော့…………..
ဒီလို ခပ်ဝေးဝေးမှာ……... ခပ်အေးအေးနေတာကပဲ
ပိုပြီးတော့အဆင်ပြေပါတယ်လေ……….။ ။

ဂျစ်ပစီတစ်ကောင်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ



လမ်းပေါ်မှာ လူတွေတွေ့တိုင်း
လိုက်ပြီး မေးကြည့်ရဦးမယ်...
..... ..... .....
“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကို
သတ်သေတဲ့ နည်းတစ်မျိုးလား... လို့။

ကောင်မလေးရယ်...
ငါဟာ “တေလေ” ပါ။
ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။

သန့်စင်ချင်လို့
အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။
အပြစ်က လွတ်ဖို့အတွက်တော့
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။

မင်းအတွက်တော့ ငါဟာ..
...ဘာမှ မဟုတ်ပါဘူး။
ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲ
ငါ သေသေချာချာ သိမ်းဆည်းထားတယ်
မင်းကို သတိရတဲ့အခါ
မကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။

ငါ့ကို
“ပြဿနာကောင်” လို့ မပြောပါနဲ့...။
ဖြစ်သမျှတွေ အားလုံးအတွက်
ငါ့မှာ ဆင်ခြေဆင်လက်တွေ
လုံလုံလောက်လောက်ရှိနေတတ်တယ်။
(လောကကြီးကို ပခုံးတစ်ချက်တွန့်ပြီး ပြုံးပြလိုက်ရဲ့)

လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်ဟာ
အဆင်မပြေမှုများများ
အလွမ်းခါးနည်းနည်း
အစွဲအလမ်းကြီးတတ်တဲ့ အိပ်မက်တချို့တလေ
မခံချင်စိတ်တွေ ပေပွ
လူငယ်ပီသတဲ့ ဘ၀င်တစ်မျိုး ခပ်ထွေထွေနဲ့
ငါ နေပျော်အောင် နေတယ်။

ငါဟာ
ရင်ခုန်နေတဲ့ သံဆူးကြိုးတစ်ချောင်းပေါ့။

ငါ့ရှေ့ တိုးဝင်လာတဲ့
ကောင်မလေးတွေ အားလုံးကို ငြိပစ်လိုက်ဖို့
ဟောဒီသံဆူးကြိုးက
အဆင်သင့် စောင့်နေတယ်။

ကဲ.. ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလဲကွယ်..။
ဘာရယ် မဟုတ်ပါဘူး (ငါကတော့ နောက်တာပါ)

ငါဆိုတဲ့ တေလေက
မိန်းမတွေကို ချစ်ရတာ
ဂျင်းဘောင်းဘီ ၀တ်ရတာလောက်တောင်
သက်တောင့်သက်သာ မရှိဘူးလို့ ထင်တဲ့ကောင်။

ငါ့ကို နားလည်တယ်လို့ ထင်တဲ့သူတွေအားလုံးကို
ငါ ရယ်တယ်။
အသုဘချပြီးစ အိမ်လို့.. ငြိမ်ဆိတ်
ဟောဒီမှာ.. တေလေတစ်ယောက်ပေါ့။
သူ့ပါးစပ်ကို တင်းတင်းပိတ်ပြီး
(လောကကြီးကို) ပြုံးတယ်။

ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး...။

မင်းခိုက်စိုးစန်
(ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက်လမ်းဆုံ စာအုပ်မှ)

ကျောက်မြောင်း

အသိုက်ဟောင်းဆိုပေမယ့်

အသစ်တွေနဲ့ ထည်လဲပေါင်းခဲ့ရတဲ့ .. ကောင်ပေါ့

အလိုမတူပဲ အကြည့်တွေပေါ် တင်လှန်း

စကတ်အကွဲ ၀တ်ထားတဲ့ လမ်းတွေလေ

ဘောင်းဘီကျပ်ကျပ်ဝတ်ထားတဲ့ ညနေကို ပုခုံးဖက်

အမြုပ်တစီစီထွက်နေတဲ့ သီချင်းတွေပေါ်

မျက်လုံးတွေတောင် အရည်ပျော်လို့

“၀” မရှိရင် “၀ိ” မလုပ်နဲ့လို့ ပြောပေမယ့်

“င” ရှိရင် “ ငြိ” လို့ရတဲ့ ပိန်ချွန်းချွန်းတိုက်ခန်းတွေ

ဆက်သွယ်မှု့ဧရိယာပြင်ပရောက်နေတဲ့ ကိုယ့်ကျင့်တရားတွေနဲ့

တစ်ကိုယ်ရေ အာသာဖြေမှု့ကို လိုသလောက်မျှား .. လို့

အရောင်အသွေးအစုံနဲ့ ကိုယ့်ဘ၀ ကိုယ်ရင်ခုန်

အိပ်မက်တွေမြုံနေတဲ့ .. ကောင်ပေါ့

သားကောင်ကလည်း သားကောင်၊ မုဆိုးကလည်း မုဆိုး

ကိုယ့်ဖဲကိုယ် လိုသလိုချိုးရင်း 

ကိုယ့်ဂျိုကာ ကိုယ်ပြန်နင်း လောင်းကစားနဲ့လည်း မကင်းခဲ့တဲ့ .. ကောင်ပေါ့ ။  ။

by: ဘုန်း လူ

ခွဲခွာချိန်


နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...
အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...

သစ်ပင်တွေ သွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို..
အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲ
သစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်
“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”

မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်
ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...
အခုတော့...

နွေရာသီ ရောက်လာတာကိုက စောလွန်း
(မင်း...သွားမယ်ဆိုလည်း)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။

မင်းခိုက်စိုးစန်

ဆရာတာရာမင်းဝေရဲ့"မီးတောက်ရစ်သမ်"(၂)




(၂)

အရှေ့လေတွေတိုက်တုန်းက


ခါးကုန်းနေတဲ့
ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ
ယိမ်းထိုးနေတော့တယ်။

ကျောင်းတော်ရဲ့စည်းအပြင်
နှောင်းရိပ်တွေ တလွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ် …
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။

ငါက ဆပ်ပြာပူဖေါင်းကို ခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူမဟုတ်ခဲ့၊
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
"သစ္စာ" ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ။

ငါ့ကိုသတ်
ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။

ဝိုင်ယာကြိုးတွေ
"ထောင်း" ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင်အတိကျသွားတဲ့
'အန္ဓ' တို့ရဲ့ အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။

တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
”. . .” ကိုချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။

”အုံ့ပုန်းချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကို ပြောပြတယ်။

အဲဒီလိုနဲ့
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုးတုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ။

ဆရာတာရာမင်းဝေရဲ့"မီးတောက်ရစ်သမ်" (၁)

အခုလို


လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကိ

တီးတိုးပြောကြားလိုက်တယ်။

"ချစ်ခြင်းမေတ္တာ" ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများဖြစ်သွားရော့မလာ
းလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
အဘယ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကာ တောင်းခံခဲ့သလဲ
ငါ့ရာဇဝင်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။

လောကဓံဦး တုန်းက
အလွန်အကြူး သောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ်ဆိုတာ
သီချင်းလေးတွေကို တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်ပါ

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို စီးမိုးထားတယ်။
စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စ ရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော … ဖဲကြိုးဝါလေးရယ်
(လက်နက်မပါဘဲ
စစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ် လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။

လျှပ်စစ်မျှင် တန်းလို့
ပူလင်း ပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခု ရထားတို့ ဥဩဆွဲလိုက်ကြပြီ
”ပြီးဆုံးသွားပါပြီ
အားလုံးပြီးဆုံးသွားပါပြီ” တဲ့။

ချစ်ခြင်းအားဖြင့်တောက်ပ င့ါနေ့ညတွေလှစေ.....



နေ့သစ်တိုင်းမှာ ရဲရင့်တောက်ပ
နွေးမြမြ င့ါနေရောင်ခြည်လေးရေ
င့ါမနက်ခင်းတွေကိုအသက်သွင်း
နင့်ချစ်ခြင်းအလင်းနဲ့
ဒီရင်ခွင်မြေရိုင်းတစ်ခင်းကို ကျင်းခွင့်ပေးပါ....။

အမှောင်ကမ္ဘာမှာထွန်းလင်း
တစ်စင်းထဲသော င့ါလမ်းပြကြယ်လေးရေ
စမ်းတ၀ါးဝါး လမ်းမှားနေသူင့ါအတွက်
ကိုယ်စွမ်းသလောက် ထွန်းပ
ရှေ့ခရီးကို လမ်းပြပေးလှည့်ပါ...။

နိုင်လိုမှုကင်း သိမ်မွေ့သောအချင်းနဲ့
ချစ်လှစွာသော အဖြူရောင် နတ်ဘုရားကလေးရေ
နူးညံ့ခြင်းတန်ခိုးတော်နဲ့အုပ်စိုး
နင့်မေတ္တာရိပ် အမိုးအောက်မှာ
တစ်ဘ၀စာ (... ငါ...) ခိုကိုးပါရစေ...။ ။

သစ္စာခ

စောင်းကြိုးပြတ်သံစဉ်


                      (၁)

" အ " လို့ “ ချစ် ” တာမဟုတ်ဘူး မစပါယ်
မင်းပေးမယ့်ခွန်အားတွေနဲ့
ဘ၀သစ်တစ်ခုကို “ စ “ မလို့ “ ချစ် ” ခဲ့တာ......။

                     (၂)

ငါက....
ဘ၀မှာ အနက်ရောင်ခပ်များများနဲ့ကောင်
မင်းချစ်ခြင်းအရောင်နဲ့
တစ်ကြိမ်တစ်ခါလောက် တောက်ပြောင်ခဲ့ချင်တာ
အခုတော့....
စိတ်ကူးထဲက ရွှေအိုရောင်အိပ်မက်တွေပျက်သုဉ်း
ဒီစီးချင်းမှာ (ငါ) သာသာယာယာ ကျရှုံးတယ်...။

                    (၃)

ငါက....
စံပယ်ဖြူလွလွလက်တစ်ခုပ်စာကိုသာ
မင်းကေသာထက်မှာ တယုတယပန်ပေးနိုင်ခဲ့သူပါ...
မင်းနှစ်ခြိုက်စရာ ဂုဏ်အရှိန်အ၀ါဆိုတာ
တစိုးတစိလေးမှ ငါ့မှာမရှိဘူးကွဲ့....
မင်းကိုတင်တောင်းစရာ အိပ်မက်တစ်ဆင်စာပဲ
ငါချမ်းသာတယ်...။

                     (၄)

ဟုတ်တော့လည်းဟုတ်ပေသားပဲကွယ်...
(မင်းပြောဖူးသလို...)
ရိုမန်တစ်ဆန်ဆန်ချစ်ပြရအောင်လည်း
မင်းနဲ့ငါဟာ
ရှိတ်စပီးယားဇာတ်လမ်းထဲက ဇာတ်ဆောင်တွေမှမဟုတ်ကြတာပဲ..။
မင်းဘ၀နဲ့မင်း အသားတကျစီးဆင်းပြီးမှတော့
င့ါပယောဂကြောင့် နောက်ဆံမတင်းစေချင်ဘူး..။

                    (၅)

စွန့်လွှတ်ခဲ့ပြီးသော င့ါရဲ့ကတ္တီပါအတိတ်ဟောင်းလေးရေ
အမှတ်မဲ့စွာထုတ်ကြည့်မိလေတိုင်း
ဝဲဘက်ရင်အုံက “ဆစ်ကနဲ” နာ
မင်းကို ငါ....
မကြာ မကြာ.... လွမ်းတယ်....။ ။

သစ္စာခ
21 Dec 2012 (Wed)