Pages

Saturday, July 28, 2012

တာရာမင်းဝေ

ငါကတော့မြက်ဖိနပ်နဲ့
ဒါပေမယ့်
မြင်းမိုရ်တောင်ကိုလည်းလိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ ။

ဟိုးမှာ
ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေဒူးထောက်လဲကျနေတဲ့သူ
သူ့ကို ကူပါရစေဦး ။

ငါ့ရှင်တို့က ဘာလဲ
ငါက ဘာလဲ
နာမည်တွေကို မြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်
တစ်နေ့တော့ တွေ့ကြမယ်။

နှစ်ဖက်သွား ဓားတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလည်း ငါမှေးမှိတ်ခဲ့ပြီးပြီ။

အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်း နှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ်။

ဟေး ပင်လယ်
ဟေး .. . လှဲအိပ်နေတဲ့ပင်လယ်
ခုထစမ်း
သင့်ဆီငါလာတယ်။ ။

(တာရာမင်းဝေ)

ဆရာ့ရဲ့ ပန်းခေတ်ကလမင်း ၀တ္ထုထဲက ကဗျာပါ။

Friday, July 27, 2012

သူငယ်ချင်းလေးသို့...

နင့်နင့်သီးသီးလွမ်းတယ်…..
နင့်နင့်သီးသီးလွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်
ငါ အခုမှ ကောင်းကောင်းသိတယ် သူငယ်ချင်းရယ်….။

ပြောပြစရာမလိုအောင်
တစ်ယောက်စိတ်ကိုတစ်ယောက်
အပြန်အလှန် ဖတ်တတ်ကြရဲ့သားနဲ့
ဘာ့ကြောင့်များ
တို့နှစ်ယောက်ကြားမှာ
နားလည်မှုတွေ လွဲမှားနေခဲ့ရတာလဲ….။
တစ်ယောက်နဲ့တစ်ယောက်
အလေးထားကြရဲ့သားနဲ့
ဘာ့ကြောင့်များ
အရေးမထားဟန်ဆောင်နေမိခဲ့ရတာလဲ….။
တစ်ယောက်နဲ့တစ်ယောက်
ခံစားချက်ချင်းတူညီနေကြရဲ့သားနဲ့
ဘာ့ကြောင့်များ
မပွင့်လင်းရဲခဲ့ရတာလဲ….။

ဒီအချိန်ဆို
နင်ငါ့ကိုသတိရနေမလားမသိရပေမယ့်
ငါကတော့
အခု…. နင့်ကို
ပြင်းပြင်းပြပြ တမ်းတနေတယ်….။

အွန်လိုင်းမှာ နင့် Gtalk လေးမီးလင်းနေချိန်တိုင်းဟာ
ငါ့အတွက်တော့ အပျော်ဆုံးကမ္ဘာပဲ….။
နင်နဲ့စကားပြောနေရချိန်တိုင်းဟာ
ငါ့အတွက်
စိတ်ချမ်းသာရာပါပဲ….။

ဒါတွေကို နင်မမြင်နိုင်လည်း
ဒါတွေကို နင်မသိနိုင်ခဲ့ရင်လည်း
ရှိပါစေတော့ သူငယ်ချင်းရယ်….။

ဝင်သက်တစ်ချက်ရှိုက်သွင်းလိုက်တိုင်းမှာ
ငါ ….နင့်ကို
နင့်နင့်သီးသီး လွမ်းဆွတ်နေတယ်ဆိုတာ
နင်မသိနိုင်ခဲ့ရင်လည်း…..
ဒီအတိုင်းပဲ ရှိပါစေတော့ကွယ်….။ ။

                        သစ္စာခ
                3rd  Dec 2010(SAT)

မညီမျှခြင်း



(၁)
သလင်းဖြူ

ပြတင်းတံခါးအပြင်ဘက်မှာ မိုးစက်မိုးပေါက်တွေက ထိန်းမနိုင်သိမ်းမရ ရွာချနေကြတယ်။ အခုလိုမိုးသည်းညနေခင်းတစ်ခုမှာ နင်နဲ့ငါ့ရဲ့ အမှတ်တရတွေ ရှိတယ်ဆိုတာ မောင်တစ်ယောက် သတိမှရပါလေစကွယ်။
ငါကတော့ အမှတ်ထင်ထင် မြင်နေမိဆဲပါမောင်။ မိုးရေကြောင့် လမ်းပေါ်ကချော်ကျပြီး ဘေးတစောင်းတိမ်းမှောက်သွားတဲ့ ငါ့ရဲ့ဆိုင်ကယ်၊ ရင်တွေတဆတ်ဆတ်တုန်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်ထိတ်လန့်နေတဲ့ငါ၊ အလောတကြီး ပြေးလွှားလာတဲ့ ခြေသံတစ်စုံ၊ ငါခိုလှုံလိုက်ရတဲ့ နူးညံ့နွေးထွေးတဲ့ ရင်ခွင်ကျယ် …။ အဖြစ်အပျက်အားလုံးဟာ ရုပ်ရှင်အနှေးပြကွက်တစ်ခုလို ငါ့နှလုံးသားထဲမှာ စွဲထင် ကျန်ရစ်တုန်းပဲ။
နင်နဲ့တွေ့မှ အချစ်ဆိုတဲ့ဘာသာဗေဒကို သင်ယူတတ်မြောက်ခဲ့ရတာပါ။ နင့်အသံတွေ၊ နင့်ဟန်ပန်တွေ၊ နင့်အပြုံးတွေ၊ နင့်စကားလုံးတွေအောက်မှာ ငါဟာ အကြိမ်ကြိမ်ကျရှုံးလို့ အရှုံးဆိုတာ ငါ့ရဲ့ပိုင်ဆိုင်မှုတစ်ခုပဲလား မသိတော့ပါဘူး။
“ နင့်ကို ငါချစ်တယ် ဖြူ …”
ဒါတကယ်ပဲလား။ ငါ…အိပ်မက်များ မက်နေခဲ့တာလား။ မယုံနိုင်လွန်းလို့ ကိုယ့်ပါးကိုယ်ပြန်ရိုက်၊ ကိုယ့်လက်ကိုယ် ပြန်ကိုက်ကြည့်မိတယ်။ ငါ…ပျော်လိုက်တာမောင်ရယ်။ အဲဒီတုန်းက ဒီကမ္ဘာမှာ ငါ့လောက်ပျော်တဲ့လူ ရှိမယ်မထင်ခဲ့ဘူး။
ငါ့လောက်နင့်အပေါ် ရူးရူးမိုက်မိုက် ချစ်တတ်တဲ့မိန်းမ ငါတစ်ယောက်ပဲ ရှိမယ်ထင်တယ်မောင်။ စိတ်ဆိုးစိတ်ကောက်ကြတဲ့အခါ ငါ့ဘက်က မှန်မှန်မှားမှား မသိချင်ယောင်ဆောင် ရူးသယောင်ယောင်နဲ့ တမင်စခေါ်ခဲ့တာ ငါပါ။ နင်ဒေါသထွက်လာတိုင်း ပစ်ပစ်ခါခါပြောခဲ့တဲ့ စကားတွေအပေါ် နာရကောင်းမှန်းမသိခဲ့တာလည်း ငါပါ။ ကိုယ့်မာနကို ခဝါချလို့ နင်ထားရာနေ၊ နင်စေရာသွား၊ ငါ ဆိုတာ နင့်အတွက် တမင်သက်သက် လူဖြစ်ခဲ့ရတာများလားကွယ်။
“ ငါတို့ သူငယ်ချင်းလိုပဲ ပြန်နေကြရအောင် ဖြူ …”
ငါ နားကြားမှားတာပါနော်။ အဲဒီစကား နင့်နှုတ်ဖျားက မထွက်ခဲ့ပါဘူး။ ဟုတ်တယ်မဟုတ်လားမောင်။
ငါ့အပေါ် မကျေနပ်ချက်တွေရှိရင်လည်း နင်ကျေနပ်တဲ့အထိ ပြန်ဖြေရှင်းပါ့မယ်။ အဲဒီလိုကြီးတော့ မကျီစားပါနဲ့မောင်ရယ်။ ငါ မခံစားနိုင်လို့ပါ။
“ နင်က ငါ့အတွက် သူငယ်ချင်းညီမလေးပါ ဖြူ… နင့်အပေါ်မှာ ငါ တရားလွန်ခဲ့တာတွေရှိရင် တောင်းပန်ပါတယ်…”
မတောင်းပန်နဲ့ ။ မတောင်းပန်ပါနဲ့မောင်။ ငါလိုချင်တာ နင့်ဆီက တောင်းပန်စကားတွေမဟုတ်ဘူး။ ငါနဲ့ချစ်ခဲ့တဲ့အဖြစ်ကို ပြန်ဖျက်သိမ်းချင်နေတဲ့ နင့်ဆီက နောင်တတွေမဟုတ်ဘူး။ နင့်ရဲ့ အယုအယတွေ၊ အကြင်နာတွေ၊ ချစ်ခြင်းမေတ္တာတွေကိုပဲ ပိုင်ဆိုင်ချင်တာပါ။ ငါချစ်ခဲ့တဲ့အချစ်တွေအတွက် ပြီးဆုံးသင့်တဲ့ ဇာတ်သိမ်းခန်းက ဒါမျိုးမဟုတ်ဘူးလေ။
ပုခုံးတစ်ဘက်ပေါ်မှာ နင် မှေးမှီနေခဲ့တယ်။ လက်ကလေးတစ်ဖက်ကို နင် ကိုင်ဆုပ်ထားခဲ့တယ်။ ဒါပေမယ့် … နင် မှေးမှီထားခဲ့တာ ငါ့ပုခုံးမဟုတ်ဘူး။ နင် ဆုပ်ကိုင်ထားခဲ့တာ ငါ့လက်မဟုတ်ခဲ့ဘူးနော်။ ငါ ဘယ်လောက်နာကျင်ခံစားရမယ်ဆိုတာ နည်းနည်းလောက်
ကိုယ်ချင်းစာကြည့်ပါမောင်ရယ်။ ငါ့မျက်စိရှေ့မှာ ငါ သိပ်ကိုခင်ရတဲ့ ငါ့သူငယ်ချင်းနဲ့
နင့်ရဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို ပြုံးရယ်ပြီး ကြည့်နေရတဲ့ငါ့အဖြစ် ဘယ်လောက်များ ရင်နင့်စရာကောင်းလိုက်သလဲ။ မျိုသိပ်ထားခဲ့ရတာတွေများလွန်းလို့ ရင်တစ်ခုလုံး ပွင့်ထွက်မတတ်ပဲ။ ငါပေးဆပ်ခဲ့ရတဲ့ချစ်ခြင်းတွေအတွက် ပြန်ရလိုက်တဲ့ဆုလာဒ်က ဒီလိုခါးသက်ခြင်းတွေလား။ မတန်လိုက်တာဟာ။
ငါပြန်ကြားခဲ့ရတယ်မောင်။ ဘာသာမတူတဲ့ နွေအရိပ် အပေါ်ကိုမှ ချစ်မိသွားခဲ့တဲ့ နင့်စိတ်တွေ တည်ငြိမ်လိုတည်ငြိမ်ငြားဆိုပြီး ငါ့ကိုချစ်သူအဖြစ် တွဲခဲ့တာတဲ့။ အစားထိုးခံအဖြစ် ခဏတာရရှိခဲ့တဲ့ နင့်အချစ်တွေနဲ့ ဝင်ကစွပ်လိုအဖြစ်မျိုးကိုမှ မွေ့ပျော်နေမိတဲ့ ငါကိုက ညံ့လွန်းတာပါ။
“ လွမ်းစရာကို နာစရာနဲ့ဖြေ…” တဲ့။ နာစရာတွေကိုတွေးရင်း နင့်ကို လွမ်းလွမ်းလာတာကိုကျတော့ ဘာနဲ့ပြန်ပြီး ဖြေသိမ့်ရမလဲမသိဘူး။ ငါတို့အတူလျှောက်ခဲ့ကြတဲ့ မြစ်ကမ်းနံဘေးက တောလမ်းတွေ၊ မြွေမကြောက်ကင်းမကြောက် နင်းလျှောက်ခဲ့ကြဖူးတဲ့
လယ်ကန်သင်းနဲ့ကိုင်းတောတွေ၊ နင့်လက်ကိုတွဲရင်း ဖြတ်ကျော်ခဲ့ရဖူးတဲ့ ခနော်နီခနော်နဲ့
သစ်လုံးတံတားလေးတွေ၊ ငါတို့ကွန်းခိုရာ ကုက္ကိုရိပ်နဲ့ ဒုဋ္ဌာဝတီ၊ မန်ကျည်းရိပ်နဲ့ လွမ်းစေတီ
….။ အရာရာဟာ အတိတ်ရဲ့အရိပ်တွေပဲ ဖြစ်ကျန်ရစ်တယ်။
ဘာပဲဖြစ်ဖြစ်ပါမောင်ရယ်။ ငါ့ဘဝမှာ နင်နဲ့ပတ်သက်ပြီး “ မောင်” ဆိုတဲ့ဝေါဟာရကို တရားဝင်သုံးစွဲခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ ကံကြမ္မာကို ကျေးဇူးတင်လိုက်ပါ့မယ်။ ငါ့မှာ ရွေးချယ်ခွင့်မှ မရှိတာပဲလေ။
အခု FM က သီချင်းတစ်ပုဒ် လွှင့်နေတယ်မောင်။
‘ အချစ်ဆုံး မင်းအနားမှာ​ရှိခွင့်ပေးပါနောက်ဆုံး xxxအရင်လိုမချစ်တော့ရင် သွားပါ့မယ်မမုန်း xxx နာကျင်ရင်းနဲ့ပြုံးနေမှာ xxx ပျော်မယ်ဆိုမင်းနဲ့ ဘဝချင်းခြားတောင် ချစ်မှာ xxx ’
တကယ်ပါ…။ နင့်အပါးမှာ အတူရှိခွင့် မရတော့ပေမယ့်လည်း နှလုံးသားထဲမှာ စူးနစ်ခဲ့ပြီးသား ငါ့အချစ်က ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။ နင်ပျော်ရွှင်မယ်ဆို အရာအားလုံးကို ငါ စတေးရဲပါတယ်မောင်။ ဒဏ်ရာပရပွနဲ့ တစ်စစီကျိုးပဲ့နေတဲ့ ငါ့နှလုံးသားအပါအဝင်ပေါ့။

(၂)
ထွဋ်ဘုန်းခန့်

ကျွန်တော့်အတွက် အချစ်ကို “စွန့်လွှတ်အနစ်နာခံခြင်း” လို့ အဓိပ္ပာယ်ဖွင့်ဆိုရလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မတွေးထင်ခဲ့ဖူးတဲ့အရာပါ။ ဒါပေမယ့် ကံကြမ္မာဆိုတာ အစိုးမရတဲ့ မိုးလေဝသလိုပါပဲ။ လှိုင်းထန်ချင်ထန်၊ လေကြမ်းချင်ကြမ်း၊ မိုးသည်းချင်သည်းနဲ့ စိတ်ထင်တိုင်းကြဲနေတော့တာပဲလေ။ ကျွန်တော်ဆိုတာကလည်း သြကာသလောကကြီးရဲ့ဇာတ်ဆောင်တစ်ယောက်ပေပဲမို့
ကံဇာတ်ဆရာအလိုကျ လိုက်ကနေရတော့ပေါ့။
ကျွန်တော့်ဘဝမှာ ကောင်မလေးနှစ်ယောက်နဲ့ ပတ်သက်ခဲ့ဖူးပါတယ်။ တင်စားပြောပြရမယ်ဆိုရင်တော့ တစ်ယောက်က နေကြာနဲ့တူပြီး တစ်ယောက်ကတော့ ဆူးများတဲ့နှင်းဆီပေါ့။ နေကြာပန်းလိုမိန်းကလေးရဲ့ နာမည်က `သလင်းဖြူ’ ဖြစ်ပြီး နှင်းဆီမမရဲ့နာမည်ကတော့ `နွေအရိပ်’ ပါ။
သလင်းဖြူအတွက် ကျွန်တော်ဟာ မရှိမဖြစ်နေတစ်စင်းဖြစ်ခဲ့ပေမယ့် နွေအရိပ်အတွက်တော့ လိုအပ်တဲ့မြေသြဇာ မဖြစ်ခဲ့ဘူး။ ကောင်းကင်ယံကနေမင်းဘဝကိုရရှိခဲ့တာတောင်မှ နှင်းဆီပန်းအိုးထဲက ကြက်ဥပုပ် ဘဲဥပုပ်ဘဝကိုမှ တပ်မက်နေမိခဲ့တာ သမရိုးကျမဆန်လွန်းတဲ့ ကျွန်တော့်ရဲ့ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရမလား မပြောတတ်တော့ပါဘူး။
အချစ်ဆိုတာလည်း ခက်သားလားလေ။ လွတ်မထွက်နိုင်အောင် ခြံခတ်ကြိုးချည်ထားတဲ့ ကြားကပဲ ထိန်းမနိုင်သိမ်းမရ ဖြစ်ချင်သေးတယ်။ ဘယ်လိုမှ ချုပ်ထိန်းမရတော့တဲ့ နောက်ဆုံးမှာတော့ အဲဒီအချစ်တွေကို နေရာရွှေ့ပြောင်းလိုက်မိတယ်။ ကျွန်တော့်အချစ်တွေရဲ့တည်နေရာကတော့ သလင်းဖြူပဲပေါ့။
သလင်းဖြူက တကယ့်ကိုယုန်ငယ်လေးတစ်ကောင်ပါ။ အရာရာကို ကလေးတွေးတွေးလို့ ဖြူဖြူစင်စင်နဲ့ ကျွန်တော့်အပေါ် ချစ်တတ်လွန်းပါတယ်။ ကျွန်တော့်မျက်နှာကိုကြည့်ြ့ပီး ကျွန်တော့်စိတ်ကို အရိပ်လိုဖတ်တတ်ခဲ့တဲ့ ကောင်မလေးပါ။
လူဆိုတာကလည်း မရတဲ့အရာကိုမှ ပိုလိုချင်တတ်တာမျိုးလေ။ ကျွန်တော်လည်း ဒီဖြစ်စဉ်ထဲက ရုန်းမထွက်နိုင်တဲ့ လူတစ်ယောက်ပါပဲ။ အကောင်းဆုံးလက်တွဲဖော်လို့မှတ်ယူပြီး သလင်းဖြူကို ရွေးချယ်ခဲ့ပြီးကာမှ အနယ်မထိုင်နိုင်သေးတဲ့ဒီစိတ်တွေက နွေ့ဆီမှာပဲ တလည်လည်ဝေ့နေခဲ့တယ်။
ဖြူက ကျွန်တော့်ကို ထီးမိုးပေးနေချိန်မှာ ကျွန်တော်က နွေ နေပူမိမှာစိုးရိမ်ပြီး ခေါင်းကဦးထုတ်ကို သွားဆောင်းပေးမိတယ်။ ကဲန်တင်းထိုင်ရင် ဖြူက ကျွန်တော့်ကော်ဖီခွက်ကို ဇွန်းနဲ့မွှေပေးနေချိန်မှာ ကျွန်တော်က နွေ့အတွက် ခေါက်ဆွဲပြုတ်မြန်မြန်ရအောင် မီးဖိုထဲအထိ သွားအော်နေခဲ့တယ်။ တစ်ခြားယောက်ျားလေးသူငယ်ချင်းတွေကြားမှာ ဖြူ့ကို စိတ်ချလက်ချရှိပေမယ့် နွေ့ဘေးနားမှာ ယောက်ျားလေးအရိပ်တစ်ရိပ်ထင်ရင်တောင်မှ ကျွန်တော့်ဒေါသတွေက ကြွတက်လာတတ်တယ်။ ဒါတွေဟာ ဖြူ့အပေါ်မှာ မတရားမှန်းသိပေမယ့် ချွန်းအုပ်မရတဲ့
ကျွန်တော့်စိတ်ဆင်ရိုင်းကို ကျွန်တော်ကိုယ်တိုင် လက်မြှောက်ထားခဲ့ရတာ ကြာခဲ့ပြီပဲလေ။
ပိုးဖလံမျိုး မီးကိုတိုး ဆိုသလိုပါပဲ။ ဓားသွားပေါ်က ပျားရည်စက်ကိုမှ ခုံမင်တပ်မက်နေမိတဲ့ကျွန်တော် မှားမှန်းသိသိချည်းနဲ့လည်း ဆက်ပြီး မှားနေမိတုန်းပါပဲ။
ကျွန်တော့်အပေါ်မှာ နားလည်သိတတ်လွန်းတဲ့ဖြူ့ကို ကျွန်တော့်ကြောင့် ရှေ့လျှောက်မထိခိုက်စေလိုတဲ့ စေတနာနဲ့ ကျွန်တော် လမ်းခွဲခဲ့ပါတယ်။ ဖြူဘက်မှာ တော်တော်ခံစားရမှာမှန်းသိပေမယ့် ဖြူ့အပေါ်မှာ အမှားတွေဆက်ကာဆက်ကာ မကျူးလွန်ချင်တော့ဘူး။ ဖြူနေတဲ့အရောင်တစ်ခုကို မဲနယ်ဆိုးမပေးချင်တော့တာပါ။
ကျွန်တော့်ကိုကျွန်တော် မဟာဂရုဏာရှင်ကြီးလို့ မသတ်မှတ်ပါဘူး။ အစကတည်းက လွဲချော်လာခဲ့တဲ့ ဒီဇာတ်လမ်းမှာ ကျွန်တော်က မင်းသားမှမဖြစ်သင့်တာပဲလေ။ ဗီလိန်မဆန့်တဆန်အဖြစ်မျိုးနဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းကျောင်းနေခဲ့ရတာ နှင်တံတွေလည်း ကျိုးလုပြီ။ ကံကြမ္မာ ကံကြမ္မာနဲ့ ဖမ်းကိုင်ဆုပ်မရတဲ့အရာကြီးကိုပဲ လက်ညှိုးထိုးမနေချင်တော့ပါဘူး။ ကျွန်တော်ကိုက အဆိပ်ခွက်မှန်းသိလျက်နဲ့ မက်မက်စက်စက် သောက်သုံးချင်နေခဲ့တဲ့ကောင်။
ကျွန်တော့်ကောင်မလေးတွေဟာ သိုးငယ်လေးတွေဆိုရင် ကျွန်တော်ဟာ သိုးကိုက်ခံရတဲ့မုဆိုးပါ။ သူများတကာကိုလည်း မပြောရဲ၊ ဒဏ်ရာကလည်း မသက်သာနဲ့ နာကျင်သမျှ တိတ်တိတ်သာကြိတ်ခံစားရင်း ငုံးဆူလူမသိ နေခဲ့ရတာပါ။ ဘယ်သူမှတော့ သနားကြမှာမဟုတ်ပါဘူး။ ကျွန်တော်က မုဆိုးဖြစ်နေခဲ့တာကိုး။
အင်္ဂလိပ်ပုံပြင်တစ်ပုဒ်ရှိပါတယ်။ နတ်မင်းကြီးတစ်ပါးက နတ်သမီးတစ်ပါးကို လူယောင်ဖန်ဆင်းပြီး လူ့ပြည်ကိုစေလွှတ်လိုက်ပါတယ်။ သူမနဲ့အတူ သေတ္တာလေးတစ်လုံးလည်း ထည့်ပေးလိုက်ပါတယ်။ အဲဒီသေတ္တာလေးကို ဘယ်တော့မှ ဖွင့်မကြည့်ဖို့လည်း အသေအချာမှာကြားလိုက်လေရဲ့။
တားမြစ်ထားတဲ့အရာကိုမှ စူးစမ်းချင်တတ်ကြလို့ အာဒံနဲ့ဧဝကနေ လူသားမျိုးနွယ်စုတွေ ပေါက်ဖွားလာကြတာပါ။ အခုလည်း အဲဒီလိုပါပဲ။ မကြည့်နဲ့ဆိုတာကိုမှ ဖွင့်ကြည့်ချင်စိတ်က မရိုးမရွဖြစ်လာတာကို တားဆီးနိုင်စွမ်းမရှိတော့တဲ့အဆုံးမှာတော့ နတ်သမီးဟာ သေတ္တာလေးကို ဖွင့်ကြည့်လိုက်ပါတော့တယ်။ သေတ္တာလေးရဲ့အထဲကနေထွက်လာတာကတော့……….။
အဲဒီသေတ္တာလေးထဲက ထွက်ကျလာတဲ့အရာတွေကတော့ တခြားမဟုတ်ပါဘူး။ လူ့ဘောင်လောကကြီးကို အရုပ်ဆိုးအကျည်းတန်စေမယ့် “ရက်စက်ကြမ်းကြုတ်ခြင်း” ၊ “ရိုင်းစိုင်းခြင်း” ၊ “မနာလိုဝန်တိုခြင်း” အစရှိတာတွေဟာ သေတ္တာလေးထဲကနေ အလုအယက် ခုန်ပေါက်ထွက်ကျ
လာပါတော့တယ်။ အဲဒီအခါကျမှ နတ်သမီးလည်း ကြောက်လန့်တကြားနဲ့ သေတ္တာရဲ့အဖုံးကို ပြန်ပိတ်လိုက်ပါတယ်။
ဒါပေမယ့် သေတ္တာထဲမှာတော့ တစ်ခုတည်းသောအရာပဲ ကျန်ရှိပါတော့တယ်။ အဲဒီအရာကတော့ “မျှော်လင့်ခြင်း” ပါပဲ။ လူတွေဟာ “မျှော်လင့်ခြင်း” တစ်ခုတည်းနဲ့ အသက်ရှင်နေထိုင်ကြတာပါ။ ဆင်းရဲတဲ့လူက တစ်နေ့မှာ ချမ်းသာလာမလား မျှော်လင့်တယ်။ မကျန်းမာတဲ့လူက တစ်နေ့မှာ ပြန်ပြီး ကျန်းမာလာမလား မျှော်လင့်တယ်။ မိဘတွေနဲ့ ခွဲနေရတဲ့သူက
တစ်နေ့မှာ မိဘတွေနဲ့ ပြန်ပြီး ဆုံတွေ့ရမလား မျှော်လင့်တယ်။ အဲဒီလိုပါပဲ…။ ကျွန်တော်လည်း
ပေးအပ်ခဲ့ရတဲ့အချစ်တွေအတွက် တန်ပြန်သက်ရောက်မှုတစ်စုံတစ်ရာများ ပြန်လည် ရရှိလေမလား ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့တင် ကျွန်တော့်ရဲ့မနက်ဖြန်တွေကို ဆက်လက်ခုတ်မောင်းရင်း အသက်ဆက် ရှင်သန်နေခဲ့ပါတယ်။

(၃)

နွေအရိပ်

မနက်ဖြန်….။ ဘယ်လောက်လှပလိုက်တဲ့ စကားလုံးလေးလဲကွယ်။ လူသားအားလုံးရဲ့ မျှော်လင့်ခြင်းတွေကို သယ်ဆောင်လာမယ့် မနက်ဖြန်၊ တက်ကြွခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ ဆက်လက်ရွေ့လျားခြင်း အဓိပ္ပာယ်တွေနဲ့ အသက်ဝင်နေတဲ့ မနက်ဖြန်…။ ဒါပေမယ့် အဲဒီမနက်ဖြန်ရောက်မှာကို ငါ ကြောက်နေတယ်ထွဋ်။
သိပ္ပံပညာရှင်တွေက အချိန်တွေကိုရပ်တန့်ထားလို့ရအောင် ဘာ့ကြောင့်များ မတီထွင်ခဲ့ကြပါလိမ့်။ ဖြစ်နိုင်ရင် နာရီတွေကို နောက်ပြန်လှည့်လိုက်ချင်တယ်။ ငါတို့အတူရှိခဲ့တဲ့ ကျောင်းတုန်းက ဘဝလေးကိုပေါ့။ နင်နဲ့ငါ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်လို့
စိတ်စိတ်ချင်း ထပ်တူကျခဲ့တဲ့အချိန်တွေကို ငါ ပြန်လွမ်းလိုက်တာ။
ငါစိတ်ဆိုးရင် ပျာပျာသလဲ လိုက်ချော့တတ်တဲ့၊ ဘယ်တော့မှ ဦးထုပ်မဆောင်းဘဲ နေပူထဲသွားတတ်တဲ့ငါ့ကို အမြဲလိုလို ဦးထုပ်လာလာဆောင်းပေးတတ်တဲ့၊ ကောင်လေးတွေ ငါ့ကိုကြည့်ရင် အလိုလို အူတိုနေတတ်တဲ့၊ ငါ့အပေါ်မှာ ကလေးဆိုးတစ်ယောက်လို ဂျီကျတတ်တဲ့ ထွဋ်ဘုန်းခန့် ဆိုတဲ့ကောင်လေးတစ်ယောက်ကို ငါ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးဆိုတဲ့အဖြစ်ကို
တွေးလေတွေးလေ သွေးပျက်မိလေပါပဲ။
လွမ်းစေတီနားက ကုက္ကိုရိပ်မှာ ငါတို့အတူ ဆော့ကစားခဲ့ဖူးတယ်။ နင်မှတ်မိသေးလားထွဋ်…။ လယ်ကွင်းထဲက ချောင်းကိုဖြတ်ထားတဲ့ သစ်လုံးတံတားလေးကို နင့်လက်ကိုအားပြုပြီး ငါဖြတ်ကူးတုန်း ဒူးမခိုင်ဘဲ ယိုင်ပြီး နင်ရောငါရော ရေထဲပြုတ်ကျသွားကြတာလေ။ ခြေလွတ်လက်လွတ်နဲ့ ရေထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ငါ့ကို နင်ကထိန်းပေးထားရင်း
နင့်ပုခုံးကိုနင်းခိုင်းပြီး တံတားပေါ်ပြန်တင်ပေးခဲ့တယ်။
“ ငါတော့ သွားပြီမှတ်တာ နွေရာ…အသည်းအသန်ကိုယ်တွေဖော့ထားလိုက်ရတာ… ခြေထောက်ချကြည့်တော့မှ တိမ်တိမ်လေးဖြစ်နေတာ… တော်သေးတာပေါ့ …” တဲ့။
တကယ်တော့ မတော်ပါဘူးထွဋ်ရယ်။ အဲဒီအဖြစ်အပျက်ကိုအခြေခံပြီး တွယ်ရစ်နှောင်ဖွဲ့လာတဲ့ နင့်သံယောဇဉ်နွယ်မျှင်တွေကြားမှာ ငါ ရုန်းမထွက်နိုင်ဘဲ ပြိုလဲခဲ့ရတာ ငါ့အတွက်တော့ ဆိုးလွန်းပါတယ်။ ငါကိုကလည်း သိသိချည်းနဲ့ ချည်နှောင်ခံခဲ့တာကိုလေ။
အရင်ကဆို ဘာသာမတူဘဲယူတဲ့လူတွေကို မိုက်မဲလိုက်တာဆိုပြီး ငါ ကဲ့ရဲ့ခဲ့ဖူးတယ်။ အခုတော့ ငါ ဝဋ်လည်နေပြီထွဋ်ရယ်။ ငါ တွယ်တာမိခဲ့တဲ့နင်က ငါနဲ့ လူမျိုးခြား၊ ဘာသာခြားဖြစ်နေခဲ့တယ်လေ။ နင်ကတော့ ငါ့ကို အသည်းမာသူရယ်လို့ စွပ်စွဲချင်နေလိမ့်မယ်။
နင်မသိတဲ့တခြားတစ်ဖက်မှာ ငါ့အသည်းတွေ တစ်စစီပဲ့ကြွေနေခဲ့တယ်ဆိုတာ နင်သိရင်လည်း ဘာမှ
အကျိုးထူးလာမှာမဟုတ်တဲ့နောက်မှာ ငါဟာ အကျွမ်းကျင်ဆုံး သရုပ်ဆောင်တစ်ယောက် မဖြစ်ချင်ဘဲဖြစ်ခဲ့ရတယ်။
ငါ ချစ်တယ် ထွဋ်။ နင်မသိလိုက်ရတဲ့အမှန်တရားကို ငါ ပြောပြရရင် နင် ငါ့ကိုချစ်တာထက်ပိုပြီး ငါ လည်း နင့်ကို ချစ်နေတယ်။ တစ်ခါတစ်လေမှာ အရာရာကိုသိနေတာထက် ဘာမှမသိတာက ပိုကောင်းပါတယ် ထွဋ်ရယ်။ ငါ့ရင်ထဲကို နင်ဖတ်တတ်သွားရင် နာကျင်ခံစားရတဲ့သူ တစ်ယောက်ပိုလာတာပဲ ရှိလိမ့်မယ်။ ငါ့အပေါ်မှာ နာကျည်းလက်စနဲ့ ဆက်ပြီး နာကျည်းမုန်းတီးသွားတာပဲ ငါတို့နှစ်ယောက်အတွက် ပိုအဆင်ပြေပါတယ်။
“ နွေရေ… ကိုဇော်ရောက်ပြီ… အဆင်သင့်ဖြစ်ပြီဆိုရင် သွားကြရအောင်…”
ဟော …အပြင်ဘက်က အသံကြားတယ်။ ငါ အမုန်းဆုံး မကြားချင်ဆုံးအသံပေါ့ထွဋ်ရဲ့။
“ ဒီနေ့ ဖိတ်စာတွေ လိုက်ဝေရမယ်မဟုတ်လား သား…”
“ ဟုတ်တယ်မာမီ… ပြီးတော့ နွေ့အတွက်ဝတ်စုံပါ တစ်ခါတည်း ဝင်ရွေးခဲ့မလို့…”
“ အေး အေး….သွားကြ သွားကြ… သမီးနွေ…မြန်မြန်လုပ် …နောက်ကျနေလိမ့်မယ်…”
မာမီ့အသံကလည်း ဝမ်းသာပျော်မြူးနေတဲ့ပုံပဲ။
“ မိဘစကားနားထောင်တဲ့ သမီးလိမ္မာလေးအတွက် မာမီဂုဏ်တက်ရတယ်… ကျေးဇူးတင်ပါတယ် သမီးရယ်…”
    မာမီ့စကားက ငါ့ကို မိုက်ရူးရဲမလုပ်အောင် ချုပ်နှောင်လိုက်သလိုပါပဲ။ ငါ့စိတ်နဲ့ငါ ထင်ရာစိုင်းလိုက်ရင် မာမီတို့ ဒယ်ဒီတို့ ပတ်ဝန်းကျင်အလယ်မှာ ဂုဏ်ငယ်ရမယ်ဆိုတာ ငါ့ကို အလိမ္မာနဲ့ သတိပေးလိုက်တာပါ။ အခုတော့ … မိဘအသိုင်းအဝိုင်းနဲ့ ဂုဏ်သိက္ခာအတွက် မိဘတွေအလိုကျ မင်္ဂလာပွဲကျင်းပဖို့ ခေါင်းညိတ် လက်ခံလိုက်ရတဲ့အဖြစ်မှာ ရင်ဘတ်ထဲကအသည်းတစ်ခြမ်း
ပဲ့ပါသွားခဲ့တာ ဘယ်သူမှ သိလိုက်ကြမှာ မဟုတ်ပါဘူး။
မနက်ဖြန်…။ မနက်ဖြန်ဆိုရင် နင်နဲ့ငါ့ကြားမှာ စည်းတစ်ခုခြားသွားတော့မယ်။ အရင်ကလို နင်နဲ့ အတူသွား အတူစားခွင့် ငါ့မှာမရှိတော့ဘူး။ ငါစိတ်ညစ်တဲ့အခါ မရယ် ရယ်အောင်လိုက်စတတ်တဲ့ နင့်ရဲ့ဟာသတွေကို ကြားခွင့်မရတော့ဘူး။ နင့်ပါးပေါ်က ပါးချိုင့်လေးတွေ၊ ရယ်လိုက်တိုင်းပေါ်လာတတ်တဲ့ သွားစွယ်လေးတွေကို ငါ ငေးကြည့်ခွင့် မရှိတော့ဘူး။ နောက်ဆုံး နင့်ကို ပိုင်ပိုင်နိုင်နိုင် လွမ်းဆွတ်ခွင့်ပိုင်ခွင့်လေးတောင် ငါ့မှာ မရှိတော့ဘူး။
မနက်ဖြန်…။ မနက်ဖြန်ဆိုရင် ငါတို့ရဲ့ခြံကြီးထဲမှာ မီးရောင်စုံတွေ ထိန်ထိန်ငြီးလို့၊ စိန်ရောင်ရွှေရောင်တွေ တဖိတ်ဖိတ်တောက်လို့ မင်္ဂလာဧည့်ခံပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပနေတော့မယ်။ ရှန်ပိန်တွေဖောက်၊ ဝိုင်တွေသောက် လို့ပေါ့….။
ဒါပေမယ့်… သတို့သမီးရဲ့ရင်တစ်ခြမ်းကတော့ သတို့သားမဟုတ်တဲ့ တစ်ခြားသူတစ်ယောက်ဆီမှာ ကျန်နေရစ်ခဲ့တဲ့အဖြစ်ကို ဘယ်သူမှ သိကြမှာမဟုတ်ပါဘူး။ ။

သစ္စာခ
30 December 2009
Wednesday
   2:01 PM

Thursday, July 26, 2012

အဆင်ပြေပါတယ် သူငယ်ချင်း

နင်မလိုချင်ပဲ ပေးဆပ်ခဲ့မိတဲ့
အလိုက်သိခြင်းတွေ
နင်မတောင့်တပဲ ချပြခဲ့မိတဲ့
င့ါချစ်ခြင်းတွေ
အကုန်ပြန်ရုတ်သိမ်း၊
ရင်ဘတ်မှာလည်း သွေးအလိမ်းလိမ်းပေါ့..။
နင်ပျော်ပါ..
ချစ်တဲ့သူရဲ့လက်ကိုဆွဲ
ရွှေလက်တွဲလို့ ပွဲဝင်ပါ…
နင်စိတ်ချမ်းသာဖို့ဆို
ငါ… ရင်ထဲမှာတောင်မငိုဘူးသူငယ်ချင်း
နင့်ပျော်ရွှင်မှုတွေ
င့ါပယောဂကြောင့်ညစ်နွမ်းသွားမှာ စိုးရိမ်လို့..။
အစစအရာရာအဆင်ပြေရဲ့မဟုတ်လားသူငယ်ချင်း
နင့်ချစ်သူကရော
နင့်ကို စိတ်ပျော်ရွှင်စေတယ်မဟုတ်လား….
နင်နဲ့ငါ
နီးလျက်နဲ့ဝေးခဲ့ကြတာတောင် ကြာခဲ့ပြီနော်…
အမှတ်မထင်တိုက်ဆိုင်လာတဲ့အချိန်တွေမှာ
နင့်ကိုတစ်ခါတစ်ရံသတိရတတ်တာကလွဲရင်
ငါလည်း….
အဆင်ပြေပါတယ် သူငယ်ချင်း…။ ။

သစ္စာခ
https://www.facebook.com/notes/thitsar-kha/%E1%80%A1%E1%80%86%E1%80%84%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%95%E1%80%AB%E1%80%90%E1%80%9A%E1%80%B9-%E1%80%9E%E1%80%B0%E1%80%84%E1%80%9A%E1%80%B9%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8/244002812288120
 

နှုတ်ဆက်စာ


နင့်ရင်ထဲမှာ ငါ ရှိခဲ့သည်ဖြစ်စေ
မရှိခဲ့ဘူးပဲဖြစ်စေ
သိပ်တော့အရေးမကြီးလှပါဘူး။
နင်နဲ့ပတ်သက်သမျှ
အရှိကိုအရှိအတိုင်းလက်ခံပေးနိုင်ခဲ့ခြင်းမှာ
ငါနေသားတကျပျော်မွေ့တတ်ခဲ့ပြီးမှ
နင့်ချစ်သူ ဖြစ်ခွင့် ရရ၊မရရ
ငါ မတောင့်တတော့ဘူးလေ။
ကောင်းမယ်ထင်တာလုပ်ပါ
နင့်ရွေးချယ်မှုတိုင်းဟာ
နင့်အတွက် အမှန်တရားပေါ့။
ငါ့အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်လို့
ပြောရအောင်ကလည်း
ငါက ဆရာစိုင်းခမ်းလိတ်မှ မဟုတ်ပဲကွယ်။
နင်…
ပျော်ရွှင်သည်ဖြစ်စေ၊
ဝမ်းနည်းနာကျင်သည်ဖြစ်စေ
နင့်လက်ကိုဆုပ်ကိုင်အားပေးမယ့်
နှစ်ဦးသဘောတူ ချစ်ရသူရှိနေမှတော့
ငါဆိုတာ နင့်အတွက် အရံလူသက်သက်ပဲ။
အစကတည်းက
ငါ့အပေါ်နင်ရိုးသားခဲ့တာမှန်ရင်
ငါ ဘာကိုမှ မျှော်လင့်တတ်စရာအကြောင်းမရှိဘူး။
နင့်အတွက်……………
ငါ မလိုအပ်တော့တာသေချာရင်
တစ်ဘဝလုံးစာနှုတ်ဆက်တယ်
ဂွတ်ဘိုင်…. သူငယ်ချင်း။ ။

သစ္စာခ

Tuesday, August 2, 2011 at 7:18pm ·

https://www.facebook.com/notes/thitsar-kha/%E1%82%8F%E1%82%88%E1%80%90%E1%80%B9%E1%80%86%E1%80%80%E1%80%B9%E1%80%85%E1%80%AC/244004558954612