Pages

Sunday, December 16, 2012

ဆုံမှတ်မဲ့ ညီမျှခြင်း၏ အပေါ်အောက်မျဉ်းပြိုင်နှစ်ကြောင်း


မင်တွေစွန်းထင်းနေတဲ့ စက္ကူတရွက်ကို
အဖြူရောင်စစ်စစ်ပါလို့ ပြောလို့မှမရတာဘဲ…..
သူက စွန်းထင်းခဲ့ပြီးပြီလေ…..

နင့်ကိုယ်နင်ဘာအရောင်မှန်း ရေရေရာရာမသိဘဲနဲ့
ငါကအဖြူအမည်း သဲကွဲစေရမှာလား
သေချာတယ်………….
ဒါ……ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး…..

သုံးနဲ့လေးဖြစ်နေမှတော့
ကျောချင်းကပ် ဝေးကြတာပဲကောင်းပါတယ်……..
လေးဆယ့်သုံးဆိုတာ နင်နဲ့ငါကြားမှာ
ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်သောအရာပဲလေ……

ထားလိုက်ပါ………….
ငါဆိုတာ နင့်ဘဝမှာ ဘယ်လောက်မှ အရေးပါတာမှမဟုတ်တာပဲ
ဟန်ဆောင်ကြင်နာပြမနေစမ်းပါနဲ့………..
ရင်ထဲကမပါတဲ့စကားလုံးတွေက
ငါ့နှလုံးသားမှာခါးတယ်…….

ဝေးမယ့်ဝေးလည်း အပြီးတိုင်ပေါ့ကွယ်………..
နင်နဲ့ပတ်သက်ခဲ့သမျှအချိန်တွေတိုင်းမှာ
ငါ့အတွက်ကျန်တာဆိုလို့
ဒဏ်ရာတွေချည်းပဲမို့………….
လွမ်းစရာထက် နာစရာက ပိုများတယ်………

ဒူးထောက်ထားတဲ့သူကိုမှ ခေါင်းငုံ့ခိုင်းတဲ့အဖြစ်မျိုးက
ဆိုးကိုဆိုးလွန်းတယ်သူငယ်ချင်း……..

နင်နဲ့ငါဟာ ညီမျှခြင်းတစ်ခုပါ ဆိုရင်တောင်
အပေါ်အောက်မျဉ်းပြိုင်နှစ်ကြောင်းလို
မဆုံနိုင်ခြင်းမှာအသားကျခဲ့ပြီးမှတော့…………..
ဒီလို ခပ်ဝေးဝေးမှာ……... ခပ်အေးအေးနေတာကပဲ
ပိုပြီးတော့အဆင်ပြေပါတယ်လေ……….။ ။

0 comments:

Post a Comment