Pages

Thursday, April 11, 2013

ခေတ်ကြီးက အဖျားတာရှည်နေတယ်....

အရင်လို ဘာမီတွန်၊ ပါရာလောက်နဲ့ မရတော့ဘူး
ဆေးပြင်းပြင်းတစ်လုံးလောက်အွန်မှ ဖြစ်တော့မယ်
ခေတ်ကြီးက အဖျားတာရှည်နေတယ်.....

အိတ်ခ်ျဝမ်းအန်န်ဝမ်း ၊အိတ်ခ်ျဖိုက်အန်န်ဝမ်း
ပြောက်ကျားတပ် ၊ လေကြောင်းစစ်ဆင်ရေး ၊ ပြည်တွင်းစစ်
လိုင်ဇာကို ထမင်းထုပ်ပို့ရအုန်းမယ်....
ခေတ်ကြီးက အဖျားတာရှည်နေတယ်....

ပလက်ဖောင်းဈေးသည်များ ၊ ဘတ်စ်ကားများ ၊ တက္ကဆီများ
မှောင်ရိပ်အောက်မှ နှုတ်ခမ်းနီပြယ်စ ညဥ့်ငှက်မလေးများ
အိမ်တစ်ဆောင်မီးတစ်ပြောင်နှင့် စိန်ရောင်ရွှေရောင်တောက်နေသော အချစ်တော်ကလေးများ
“ ငါးထောင်ပဲ ပေးပါအစ်ကိုရယ် ” “ ကျွန်မတို့က အနည်းဆုံး သိန်းငါးဆယ်ပဲ ”....
တန်ဖိုးတွေ တက်နေတယ် / တန်ဖိုးတွေကျနေတယ်
ခေတ်ကြီးက အဖျားတာရှည်နေတယ်....

ကဗျာဆရာတွေ သူခိုးမဖမ်းကြနဲ့
သူခိုးတွေလည်း ကဗျာဆရာကို မဖမ်းကြနဲ့
အနုပညာဆိုတာ မုဒိတာတရားနဲ့ ဝေမျှခံစားစရာ
ဝိသမလောဘတွေ ကျောမမတက်စေကြနဲ့
ခေတ်ကြီးက အဖျားတာရှည်နေတယ်...

စစ်ပွဲတွေမဖြစ်ကြနဲ့
ဘာသာရေးတိုက်ပွဲတွေ မဖြစ်ကြနဲ့
အရည်မရအဖတ်မရ အငြင်းအခုန်တွေမဖြစ်ကြနဲ့

Enter တစ်ချက်ခေါက်ရုံနဲ့ သူရဲကောင်းတွေဖြစ်နေကြတဲ့ ၂၁ ရာစုမှာ
“သတ္တိ” ဆိုတာ အရေပြားထက်ကတက်တူးရာ
အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့မပေါက်ချင်ကြနဲ့
ခေတ်ကြီးက အဖျားတာရှည်နေတယ်...

ကဗျာဆရာတွေ ရန်မဖြစ်ကြနဲ့ ....
ကဗျာဆရာတွေ ရန်မဖြစ်ကြနဲ့ ....
ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ကဗျာကိုယ်သာ ရွတ်နေ
ကမ္ဘာကြီးမီးလောင်နေတောင် ကဗျာရွတ်မပျက်နဲ့
အခြေအနေမကောင်းရင် ရူးချင်ယောင်ဆောင်တန်ဆောင်ရမယ်
ခေတ်ကြီးက အဖျားတာရှည်နေတယ်....

အရင်လို ဘာမီတွန်၊ ပါရာလောက်နဲ့ မရတော့ဘူး
ဆေးပြင်းပြင်းတစ်လုံးလောက်အွန်မှ ဖြစ်တော့မယ်
ခေတ်ကြီးက အဖျားတာရှည်နေတယ်......။ ။

သစ္စာခ
၈/၄/၂၀၁၃ ( တနင်္လာ )

0 comments:

Post a Comment