မွေးကတည်းက ဘီလူးနက္ခတ်နဲ့စန်းယှဉ်
မာန်နတ်လိုစိတ်အလျဉ်နဲ့
မငိုဖြစ်အောင် အံကြိတ်တင်းခံခဲ့တဲ့ အင်္ဂါသားရာဇဖွားပါမေမေ။
ပေဖြစ်တုန်း“ခံ” တူဖြစ်တော့ပြန်မ“နှံ”ဖြစ်ခဲ့ပေမယ့်
အခုတော့....
ခန္တီပါရမီကို စနက်တံဖြုတ်
အစွယ်ချိုးထားတဲ့မာန်ကို ပြန်ထုတ်လို့
အာဃာတတရားကိုချိန်ကိုက်ဗုံးလုပ်တော့မယ်
ကျွန်တော့်ကိုအပြစ်မတင်ပါနဲ့မေမေ။
သမင်မွေးရင်း ကျားစားရင်းဘဝတွေထဲမှာ
အမြီးကျက်ရင်အမြီးစား ခေါင်းကျက်ရင်ခေါင်းစား
ကိုယ်ချင်းစာတရားထားလေလေ
ဆုံးရှုံးမှုပိုများလေလေပဲ....။
လူ့အလိုနတ်မလိုက်နိုင်တဲ့ဟောဒီလောကကြီးထဲမှာ
သူများငိုငို မငိုငို
ကိုယ့်အတ္တနဲ့ကိုယ်ချိုတာ ပိုကောင်းတယ်။
မစိုးရိမ်ပါနဲ့မေမေ........
သိုးယောင်ဆောင်တဲ့ဝံပုလွေတွေ ပြည့်ကျပ်နေတဲ့ လူ့အဖွဲ့အစည်းမှာ
ရပ်တည်စရာတစ်နေရာစာကျန်ဖို့
ကျွန်တော် ယုန်ဖြူတစ်ကောင် စုန်းယောင်ဆောင်တော့မယ်။ ။
သစ္စာခ
23/2/2013(SAT)

0 comments:
Post a Comment