Pages

Thursday, January 31, 2013

ပစ္စက္ခရာသီ


ယမ်းနံ့တသင်းသင်းနဲ့လေညင်း...
သွေးနီရောင်ရာသီဥတု....
တစ်ဖြည်းဖြည်းပါးလျလာတဲ့ အိုဇုန်းလွှာ..
ကိုယ်ချင်းစာတရား ခေါင်းပါးလာတဲ့ လူ့အဖွဲ့အစည်း..
ဆိုင်းဘုတ်ပေါ်ကလူ့အခွင့်အရေး..
အောက်ဆီဂျင်တွေမသန့်တော့တဲ့ ဟောဒီခေတ်ကြီးမှာ
လူဖြစ်ရတာ “ နာ” တယ်။

အင်နိုဗေးရှင်းမသိ
ဂလိုဘယ်လိုက်ဇေးရှင်းမသိ
ကိုဖီအန်နန်မသိ
ဟီလာရီကလင်တန်မသိ
မရှိခြင်းတရားတွေဖောင်းပွနေတဲ့ ဘဝထဲမှာ
ဆန်အိုးထဲကအဝါပေါက်ဆန် မနက်ဖြန်ကျန်ဖို့ထက်သာလွန်ပြီး
ဘယ်ပြုပြင်ပြောင်းလဲခြင်းမှအရေးမကြီးဘူး။

ကောက်ပင်တွေကလည်းပျက်
ပွဲစားတွေကလည်းခက်တယ်...
မြို့ကိုပို့တော့ ဆန်တစ်အိတ်တစ်သောင်းနှစ်သောင်း
ကျုပ်တို့ကိုကျအလီလီထုထောင်းလို့
ဝတ်ကောင်းစားလှဆိုတာ ကျုပ်တို့နဲ့လားလားမှမဆိုင်
(ဒီမှာများတော့)
တစ်ဝမ်းတစ်ခါးတောင် အနိုင်နိုင်။

အနာဂတ်တွေဟာလည်း ခပ်ယိုင်ယိုင်ပါပဲ
တုံးခုပြီးမလှမ်းနိုင်တဲ့ ပညာရေးစနစ်ကြီးထဲမှာ
ကျုပ်သမီးလေးခမျာ
စာသင်ခန်းကိုသွားစရာ
ခြေမှာဗလာ အသပြာနတ္တိ
(ပညာတတ်ကြီးဖြစ်ဖို့)
အိပ်မက်တောင်မက်ခွင့်မရှိရှာဘူး။

ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဖို့နေနေသာသာ
မိုးမလုံတဲ့ ကြယ်မြင်လမြင်အိမ်ဂေဟာမှာ
နေ့တိုင်းနေ့တိုင်းအသက်ဆက်စရာ
ထမင်းအနပ်မှန်မလားတောင် အစိုးမရတဲ့အခါ
ကျားကန်ထူမတ်ထားရတဲ့ စိတ်ဓာတ်တွေဟာလည်း
(တစတစနဲ့ ...)
ခြေကုန်လက်ပန်းကျချင်လာတယ်။

ဘဝတွေက အဝီစိနဲ့မြင်းမိုရ်တောင်
ဘယ်လိုမှညီမျှခြင်းဆောင်မရတဲ့ စနစ်ဆိုးကြီးထဲမှာ
အဂတိလိုက်စားမှုတွေကို ဆန်ကာနဲ့စစ်ချ
ညစ်နွမ်းနေတဲ့သီလတွေကို မဲနယ်ဆိုး
(နေရာတကာမှာ)
ကျားဆိုးတွေ စိုးမိုးနေလိုက်ကြတာများကွယ်....
အောက်ဆီဂျင်တွေမသန့်တော့တဲ့ ဟောဒီခေတ်ကြီးထဲမှာ
လူဖြစ်ရတာ သိပ်ကို  “ နာ” တယ်။ ။


သစ္စာခ
10/1/2013

0 comments:

Post a Comment